01/10/2026
"စိတ်မဆိုးကြေး" 🤝✨
အလုပ်ခွင်မှာ ခဏခဏ ကြုံရလေ့ရှိတဲ့
နောက်တစ်ခုကတော့
“စေတနာနဲ့ အပြုသဘော ထောက်ပြလိုက်တာ” ဖြစ်ပေမယ့်
"ပြောဆိုဆက်ဆံပုံ အားနည်းချက်" ကြောင့်
တစ်ဖက်လူက နားလည်မှုလွဲပြီး စိတ်ဆိုး ဒေါသထွက်သွားတာမျိုးပါ။
တကယ်တော့ တစ်ပါးသူရဲ့ စကားပြောဟန် အားနည်းချက်ကို
ကိုယ်က သွားပြင်ပေးလို့ မရနိုင်ပါဘူး (Out of our control တွေပါ)။
“အပြောမတတ်တာ” ကို ပြောသူကိုယ်တိုင်လည်း
ပြောပြီးမှ နောင်တရနေတာမျိုး ဒါမှမဟုတ်
ပြင်ဖို့ ခက်ခဲနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
📌 တစ်ဖက်လူရဲ့ “အားသာချက်” ကို အသိအမှတ်ပြုပေးပြီး “အားနည်းချက်” ကို ခွင့်လွှတ်နားလည်ပေးတတ်တာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ပညာရပ်ပါ။
ကျွန်မကိုယ်တိုင် ငယ်စဉ်က မရင့်ကျက်သေးတဲ့အချိန်မှာ
ထစ်ခနဲဆို စိတ်ဆိုး၊ ဒေါသထွက်ပြီး
အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ (Personal) ကို မခွဲခြားနိုင်ခဲ့လို့
ကြုံတွေ့ခဲ့ရတဲ့ နစ်နာမှုတွေ၊ အမှားတွေကို
နှောင်းလူ ဂျူနီယာတွေကို မကြုံတွေ့စေချင်ပါဘူး။
📌 အလုပ်နဲ့ Personal ကို ပြတ်ပြတ်သားသား ခွဲခြားတတ်တာဟာလည်း ပညာရပ်တစ်ခုပါပဲ။
အလုပ်နဲ့ Personal ကို ခွဲခြားမတတ်ရင် သူ့အားနည်းချက်က ကိုယ့်အားနည်းချက်အဖြစ် ပြောင်းပြန်အကျိုးသက်ရောက်မှုတွေ ဖြစ်သွားနိုင်ပါတယ်။
📌 နောင်တမရခင် ခဏလေး ရပ်လိုက်တာက အပြစ်ဖြစ်ခြင်းမှ ရှောင်လွှဲနိုင်မှာပါ။
ဒေါသထွက်နေချိန် စကားတစ်ခွန်း မပြောမီ ဒါမှမဟုတ် စာတစ်စောင် မပို့မီ
"ခဏရပ်ပြီး အသက်ပြင်းပြင်း ရှူလိုက်ပါ"။
စိတ်ဆိုးနေချိန်မှာ တုံ့ပြန်လိုက်တဲ့ စကားတစ်ခွန်းဟာ
နောက်မှ ပြန်ပြင်လို့ မရနိုင်တော့ပါဘူး။
"စိတ်ဆိုးတာဟာ ခဏတာ ဖြစ်ပေမယ့်၊
ဒေါသကြောင့် ပျက်စီးသွားတဲ့ အလုပ်နဲ့ ယုံကြည်မှုတွေကို
ပြန်တည်ဆောက်ဖို့ကတော့ နှစ်နဲ့ချီပြီး ကြိုးစားရတာ ဖြစ်ပါတယ်။"
ဘယ်အလုပ်ကိစ္စမဆို စိတ်အေးအေးနဲ့ တိကျပြတ်သားစွာ လုပ်ကိုင်နိုင်ပြီး
ကိုယ့်အနီးနား ပတ်ဝန်းကျင်ကို အေးချမ်းစေတဲ့ ရင့်ကျက်မှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ 👍
#စိတ်မဆိုးကြေး